ရှမ်းပြည်တောင်ပိုင်းရဲ့ မြို့ငယ်လေးတစ်မြို့....
တိတိကျကျ ပြောရရင် “တောင်...ကြီး- မောက်မယ် ရှာ လာ လာ လား လား သင်မှန်မှန် လိမ်းပါကွယ်” ဆိုတဲ့
ကြေငြာလေးထဲက မောက်မယ်မြို့လေးပေါ့ဗျာ....
ပင်လယ်ရေမျက်နှာပြင်အထက်အမြင့်ပေ ၁၆၃၀ ပေ ဆိုတော့ နိမ့်ကလဲနိမ့် ပူလိုက်တာလဲ လွန်ပါရောလား.....
မန်းကျည်း ကုက္ကိုလ် ထန်းတော အုန်းတော တွေနဲ့ တစ်ကယ့် အပူပိုင်းဇုံကလို အပင်တွေကလဲ ဝေေ၀ဆာဆာ
ထားပါတော့ ..... အဲဒီမြို့ရဲ့ တစ်နေရာ မန်းကျည်းပင်ရိပ်လေးမှာ ကျွန်တော့်မိတ်ဆွေကြီးရဲ့
“ကိုချော ဆံသ” ဆိုတဲ့ ဆိုင်ကလေးရှိတယ်ဗျ....
သူက နံနက်ဆို ဆိုင်လာဖွင့် ညနေမှ ဆိုင်ပိတ်ပြန် ဆိုတော့ တစ်နေကုန် ဆိုင်မှာပေါ့....
အဲဒီလိုနဲ့ တစ်နေ့မှာ ရာသီဥတုကလဲ ပူ .... ရာသီဥတုပူတော့ လူတွေက အိမ်ပြင်မထွက်
လူတွေ အထွက်ကြဲတော့ ကျွန်တော့်မိတ်ဆွေ ကိုချောကြီးလဲ လူမျှော်ရင်း မောနေရတော့တာပေါ့...
အဲဒါနဲ့ လူကမလာ လူမလာတော့ မထူးပါဘူးဆိုပြီး “နာရီဝက် တစ်ပက်” နှုန်းနဲ့ ဆော်လိုက်တာ
နေလဲ စောင်းရော ကျွန်တော့်မိတ်ဆွေကြီးလဲ “ဒေါင်း” ပြီပေါ့ဗျာ....
တစ်နေကုန် တစ်ယောက်စ နှစ်ယောက်စ နဲ့ ကျော်ဖြတ်လာလိုက်တာ ညနေစောင်း (၄) နာရီလောက်ကျ
ဆိုင်ပိတ်မယ်လို့ စဉ်းစားနေတုန်း မြို့ရဲ့မျက်နှာဖုံး ဦးလေးကြီး တစ်ယောက် သူ့ရဲ့မွေးနေ့အထိမ်းအမှတ်
ဆံဖြတ်မယ် ဆိုပြီး ကိုချောဆိုင် ရောက်လာပါရောလား....
ကိုချောလဲ ဘယ်လွန်ဆန်နိုင်ပါ့မလဲလေ မြို့မျက်နှာဖုံးပဲဟာ .... ခုံပေါ် တက်ပါဦးလေးပေါ့..
ဒီလိုနဲ့ ကျွန်တော့် မိတ်ဆွေကြီးလဲ ကောင်းတော့ အတော် ကောင်းနေပြီ.... ဒါပေမဲ့လဲ
သူကျွမ်းကျင်တဲ့ ဘာသာရပ်ဆိုတော့ ကြိုးစားပြီးတော့ ညှပ်ပါတယ်....
အာရုံတွေ စုစည်း တတ်နိုင်သလောက် ကြိုးစားပြီးညှပ်ရင်းနဲ့ ပြီးဆုံးသွားပါတယ် ...
နောက်ဆုံး လက်စသတ်ဖို့ နားသယ်အစပ်နဲ့ လည်ပင်းတွေအနားမှာ ဆပ်ပြာရည်တွေ သုတ်လိမ်းပါတယ်
တောမြို့လေးဆိုတော့ မြို့ကလို ဘလိတ်ဓါးတွေ ဘာတွေ မရှိပါဘူး သင်ဓုန်းဓါးပဲပေါ့....
သင်ဓုန်းဓါးလေးကို ရွှပ်.. ရွှပ်... ရွှပ် နဲ့ ပုဆိုးနဲ့ ပွတ်တိုက်လိုက်တယ်....
ဆပ်ပြာရည်တွေ စွတ်စိုနေတဲ့ မြို့မျက်နှာဖုံးကြီးရဲ့ လည်ပင်းပေါ် သူ သင်ဓုန်းဓါးကို တင်လိုက်တယ်
အဲဒီမှာ ရိပ်ရိပ် ရိပ်ရိပ်နဲ့ သူ့ခေါင်း ချာချာလည်လာတယ် ....သင်ဓုန်းဓါးကိုင်ထားတဲ့ လက်ကလဲ တုန်လာတယ်
အဲဒီမှာ သူဘယ်လိုမှ မတတ်နိုင်ဘူး မြို့မျက်နှာဖုံးကြီးကို အားတင်းပြုံးလေးနဲ့ တောင်းပန်စကားဆိုလိုက်တယ်
” ဦးလေး မနက်ဖြန်မှ ပြန်လာခဲ့ပါနော် ဒီနေ့တော့ ကျွန်တော် ဘယ်လိုမှ မရတော့လို့ပါ” ဆိုပဲ.....
မိုးတိမ်
Post a Comment